Monday, November 2, 2009

from wikimyanmar.co.cc


နီကိုရဲ [၁၉၆၆-၂၀၀၉]

စာရေးဆရာ နီကိုရဲရေးသားခဲ့သည့် ဟာသနှောသော လူ့ဘ၀ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (၀တ္ထုတိုစု)၊ ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ သကြားနဲ့အသူရာ၊စိတ်အိုင်ပက်သူ ၊မကြည်ပြာ၊နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ၀တ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ၀တ္ထုများဖြစ်သည်။ သူ၏ ၀တ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။
[ပြင်ဆင်ရန်​] ဘ၀ဖြစ်စဉ်

စာရေးဆရာ နီကိုရဲအား ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ၊ (၂)ရက်နေ့၊ ရန်ကုန်မြို့၌ အဖ ဦးတင်ဝင်းနှင့် အမိ ဒေါ်မြကြည်မှ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံး ဖြစ်ပြီး အမည်ရင်းမှာ ရဲဝင်း ဖြစ်သည်။

၁၉၉၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရူပဗေဒ) ဘွဲ့ရရှိခဲ့သည်။ အသက် (၂၇)နှစ်အရွယ်တွင် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် တိတ်ဆိပ်ခြင်း တံတားပေါ်မှာ ၀တ္တုတိုဖြင့် စာပေလောကထဲသို့ ၀င်ရောက်ခဲ့သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ၊ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော် စာရေးဆရာ တစ်ဦးဖြစ်လာခဲ့သည်။ ပင်နီစာအုပ်တိုက်မှ ထုတ်ဝေသည့် ချစ်ခြင်း၏်နဂ္ဂတစ်များ လုံးချင်းဝတ္တုဖြင့် အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့သည်။

လုံးချင်းဝတ္တု (၃၀)အုပ်နီးပါး ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၃၀)ကျော် ရေးသားခဲ့သည်။ အိုက်ဒီယာ မဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တစ်ဦး အပါအ၀င်ဖြစ်သည်။

ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ဒွေးနှင့် ထက်ထက်မိုးဦးတို့ ပါဝင်သရုပ်ဆောင်သော သစ်ခက်ငါး ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄၀ နီးပါး ရိုက်ကူးခဲ့သည်။

နီကိုရဲနှင့် ခေတ်ပြိုင်စာရေးဆရာများမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစံတို့ ဖြစ်သည်။
[ပြင်ဆင်ရန်​] ဘ၀နိဂုံး

နီကိုရဲ (ခ) ကိုရဲဝင်း သည် (၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၄) စနေနေ့ နံနက် ၀၀း၃၀ နာရီခန့်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ လုဗ္ဗနီအထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်နိုင်နိုင်ဝင်း(အီတွန့်ပွမ်) နှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၈)ရက်နေ့တွင် ရေးဝေးသုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။
[ပြင်ဆင်ရန်​] အနုပညာသမားများ၏ ခံစားချက်
[ပြင်ဆင်ရန်​] ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

“သူနဲ့ကျနော့်မှာ အမှတ်တရတွေ အများကြီးပဲခင်ဗျ၊ သူနဲ့ကျနော် တခေတ်ဖြစ်ခဲ့တယ်ဆို မမှား ဘူး ဗျ၊ ကားတွေလည်း အများကြီးရိုက်ခဲ့ဖူးတယ်၊ သူလိုလူတော် တယောက်ဆုံးရှုံးသွားတာ စာပေလောက အတွက်ရော ရုပ်ရှင်လောက အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ”
[ပြင်ဆင်ရန်​] လွင်မိုး

`သူအောင်မြင်ခဲ့တဲ့ အနုပညာသမားဘ၀နဲ့ သူပေးဆပ်လိုက်ရတဲ့ အချိန်တွေကတော့ နှမြောစရာ ကောင်းပါတယ်´။
[ပြင်ဆင်ရန်​] ကျော်ရဲအောင်

ကိုအောင်မင်းသိမ်း ဆုံးတော့ သူ့အမေက သူ့သားရုပ်ကလာပ်ကို ကြည့်ပြီး ပြောတယ်။ `သားတဲ့ အမေတို့ဆီ ခဏလာလည်တာ မဟုတ်လား´တဲ့။ `ဧည့်သည်လိုပဲ အမေသဘောထားတယ်နော်၊ သားက အားလုံးအတွက် အမှတ်တရတွေ အများကြီးထားခဲ့တယ်´တဲ့။ အခု...နီကိုရဲလည်း ဒိုးပြန်ပြီ။ သူလည်း ဧည့်သည်ပါပဲ။ သူလည်း အမှတ်တရတွေ ထားခဲ့တယ်။ သူ့အနုပညာတွေပေါ့။ ငါ့အလည့်ကျရင်ရော....
[ပြင်ဆင်ရန်​] မောင်မျိုး(ကြောင်နှစ်ကောင်)

ညီလေး
မင်းလွဲခဲ့ရင် လူတွေ ရယ်ခဲ့တယ်။ အခု....မင်းမလွဲတော့ ...ငါတို့.....။
[ပြင်ဆင်ရန်​] အကြည်တော်

စာပေအစ်ကိုတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် ၀မ်းနည်းပါတယ်။

မိတ်ဆွေ အပေါင်းအသင်းများကို ရိုင်းပင်းကူညီတတ်ပြီး ပျော်ပျော်ပါးပါးနေတတ်သူဖြစ်သောကြောင့် ယခုလို ဆုံးပါးသွားသည်ကို နှမြောတသဖြစ်မိသည်ဟုလည်း အနုပညာရှင်များက ဆိုကြသည်။ [1]--Mayor mt 06:14, 30 အောက်​တို​ဘာ​ 2009 (UTC)
[ပြင်ဆင်ရန်​] ရေးသားခဲ့သော ဝတ္ထုများ

1. မကြည်ပြာ
2. နှလုံးသားထဲကြွက်ဝင်နေသည်
3. ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ အလွဲများ
4. ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ ဒုတိယအလွဲများ
5. ကျွန်တော်နှင့်လက်တွဲဖော်များ
6. ကျွန်တော်နှင့်ဈေးသည်အလွဲများ
7. လွယ်အိတ်ထဲကအလွဲများ
8. နတ်ဆိုးတစ်ကောင်နဲ့ရင်လွဲသူ
9. တစ်သုံးခုနှစ်ရှစ်
10. လှည့်စား
11. သံစုံကြူးတဲ့ည
12. လူနှင့်သူတို့၏ဟာသများ
13. ဇွတ်
14. ဇက်ပေါ်ကဆီးသီး
15. အိုးလေး
16. ရည်းစားစာ (ဝတ္ထုတိုစု)
17. ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း
18. အိတ်
19. ငတုံး
20. ဒုတိယသစ်ခက်ငါး
21. တို့ဖေဖေ
22. စိတ်အိုင်ပက်သူ
23. ချဲဝီး
24. ကျွန်မ၏ပြား
25. ဘ…နာ
26. ဒဏ်ရာရလိပ်ပြာအထူးကု
27. နှလုံးသားနှင့်ကန်တဲ့ ဘော်လုံး

Friday, October 30, 2009

from Myanmar Times

စာရေးဆရာ'နီကိုရဲ' နှလုံးရောဂါဖြင့်ကွယ်လွန်
ငြိမ်းအိအိထွေး

"အဓိပ္ပာယ် လေးနက်တဲ့ စကားလုံးတွေ ကို ငါသဘောကျတဲ့ ကောင်မလေး တစ်ယောက်ရှေ့မှာ ဖြည်းဖြည်းချင်း ပြောပြချင်နေတယ်။ အဲဒီကောင်မလေးဟာ မင်းပဲ မကြည်ပြာ"

လူငယ်တွေရဲ့ ရင်ထဲကို တိုက်ရိုက် ၀င်ရောက်နိုင်မယ့် စကားလုံးတွေကို ဖန်တီးခဲ့တဲ့ စာရေးဆရာ နီကိုရဲရဲ့ ပထမ ဆုံး လုံးချင်းဝတ္ထု 'မကြည်ပြာနှင့်ချစ်ခြင်း ၏နဂ္ဂတစ်များ' ၀တ္ထုထဲက မှတ်မိစရာ စကားလုံးတချို့ပါ။

ရုပ်ရှင်၊ စာပေစတဲ့ အနုပညာသမား စာရေးဆရာ နီကိုရဲဟာ သူ့ကိုချစ်သူတွေ၊ ဝေဖန်သူတွေ၊ သတိထား မိသူတွေ၊ လျစ်လျူရှုထားသူတွေ အားလုံးကို မထင်မှတ်ဘဲ ရုတ်တရက် နှုတ်ဆက်သွားခဲ့ပါပြီ။

၁၉၆၆ ခုနှစ်၊နိုဝင်ဘာလ ၂ ရက်နေ့မှာ မွေးရာပါ နှလုံးရောဂါနဲ့ လူ့လောကထဲ ရောက်လာတဲ့သူက သူချစ်တဲ့အနုပညာ အလုပ်တွေကိုဦးနှောက်ဉာဏ်အားကောင်းကောင်းနဲ့ လုပ်ဖို့အရွယ်ကျမှ ၂၀၀၉ ခုနှစ် အောက်တိုဘာလ၂၄ ရက် နံနက် ၀၀း၃၀ မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လုမ္ဗိနီဆေးရုံမှာ နှလုံး ရောဂါနဲ့ပဲ ဆုံးပါး ခဲ့ပါတယ်။

'ကိုရဲ'လို့ ချစ်စနိုးခေါ်ခဲ့ကြတဲ့ စာရေး ဆရာ နီကိုရဲကို အခုလို ပျော်စရာဇာတ်ကားတွေ၊ ဟာသ၀တ္ထု ဇာတ်လမ်းတွေ ခေတ်မစားခင်အချိန်ကတည်းက သူ့ရဲ့ ထူးခြားတဲ့ရေးဟန်တွေနဲ့ အဆင့်အတန်း ရှိတဲ့ ဟာသအရေးအသားတွေကို စာဖတ်ပရိသတ်က နှစ်သက်လက်ခံပြီးသားပါ။

'ရိုက်ကွင်းပေါ်ကအလွဲများ'လို ပရိသတ်နဲ့ မရင်းနှီးသေးတဲ့ အနုပညာရှင်တွေရဲ့ ဟာသအဖြစ်အပျက်တွေကို အပိုအလို မရှိ သဘာဝဆန်ဆန် ရေးသားခဲ့သလို ဟာသဆိုရင် ပေါတောတော မဟုတ်တဲ့ လူ့ဘ၀ထဲက ယုတ္တိရှိရှိဇာတ်လမ်းတွေ ကို တင်ပြနိုင်ခဲ့ပါတယ်။

'ငတုံး'၊ 'နှလုံးသားထဲ ကြွက်ဝင်နေ သည်'၊ 'ရင်ရဲ့ရိုးရာ'၊ 'နှင်းဆီစီးချင်း'၊ 'စိတ်အိုင်ပက်သူ'၊ လှည့်စား'၊ 'သကြားနဲ့ အသူရာ' စတဲ့ဟာသကို အခြေခံသလို လူ့ဘ၀အမောတွေကိုလည်း ရေးပြနိုင်တဲ့ နာမည်ကျော် လုံးချင်းဝတ္ထုပေါင်း ၃၀ ကျော်ကို စာချစ်သူတွေအကြား ပျံ့နှံ့စေခဲ့ ပြီး ဇာတ်အိမ်ခိုင်ခိုင်၊ မင်းသား၊ မင်းသမီး၊ ဇာတ်ရံ၊ ဇာတ်ပို့ကအစ မျှတပေါ်လွင်စေမယ့် ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေကိုလည်း ရုပ်ရှင်ချစ်ပရိသတ် အတွက် တင်ဆက်ခဲ့ ပါတယ်။

'မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ' ၀တ္ထုကို 'ကျွန်တော်နှင့် ကြည်ပြာရောင် နဂ္ဂတစ်များ'အမည်နဲ့ ရုပ်ရှင် ကားအဖြစ် လည်း အောင်မြင်ခဲ့တဲ့ နီကိုရဲဟာ စာရေး ဆရာ၊ ကဗျာဆရာ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာစတဲ့ အနုပညာအလုပ်များစွာကို မော်ဒန်ဟန်ရော၊ ဂန္ထ၀င်ဆန်ဆန်ပါ ဖန်တီးခဲ့ပါတယ်။

"အစ်မကတော့ သူ စာခေါ်တာကို လိုက်ရေးပေးတယ်။ ကြော်ငြာတို့၊ ဇာတ် ညွှန်းတို့လို အလုပ်ကိစ္စတွေကို သူပြော ပြရင် နားထောင်ပေးတယ်။ တကူးတကကြီး လိုက်ကူညီပေးစရာ မလိုဘူးလေ။ သူက စကားလုံး တွေ၊ စာသားတွေကို ဦးနှောက်ထဲမှာ အဆင်သင့် စီထားပြီး သားလို့ ထင်တယ်" လို့ ဇနီးဖြစ်သူ မနိုင်နိုင်ဝင်း က ပြောပါတယ်။

သူရေးထားပြီးသား မထွက်ရသေးတဲ့ စာအုပ်တွေအတွက်ကိုတော့ အခုလောလောဆယ် မဆုံးဖြတ်ရသေး သလို သူ စီစဉ်ခဲ့တဲ့ အလုပ်ကိစ္စတွေအတွက်လည်း ဘာမှ မစဉ်းစားရသေးဘူးလို့ မနိုင်နိုင်ဝင်း က ပြောပါ တယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၊ ရေဝေးသုသာန်မှာ စာရေး ဆရာ နီကိုရဲကို မီးသင်္ဂြိုဟ် ခဲ့ပါတယ်။

Thursday, October 29, 2009

from 7 Day

သေတာတောင် လွဲဖြစ်အောင် လွဲသွားသူ (သို့ မဟုတ်) နီကိုရဲ
ဥက္ကာကိုကို
ရန်ကုန်၊ အောက်တိုဘာ- 25

ယခုနှစ်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတွင် ထင်ရှားကျော် ကြားသူတို့အနက် နှလုံးရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် တတိယ မြောက်ကွယ်လွန်သူအဖြစ် ဟာသစာရေးဆရာအဖြစ် လူကြိုက်များ ထင်ရှားသူ ဆရာနီကိုရဲသည် ယခုလ ၂၄ ရက် ည ၁၂ နာရီခွဲ ခန့်က လှိုင်သာယာမြို့နယ်၊ လုမ္ဗနီ အထူးကုဆေးခန်းတွင် တိမ်းပါး သွားခဲ့ကြောင်း သတင်းရရှိသည်။

နီကိုရဲသည် လုံးချင်းဝတ္ထု ပေါင်း ၃၀ ကျော်ရေးသားခဲ့ပြီး၊ မဂ္ဂဇင်းဝတ္ထုတိုများစွာများကိုလည်း ရေးသားခဲ့ကာ သူကြုံတွေ့ရသော ဘ၀ထဲမှ အလွဲအချော်များကို ဇာတ်လမ်းအဖြစ် ဟာသစွက်တင် ပြတတ်သဖြင့် ““အမြဲလွဲနေသော နီ ကိုရဲ””အဖြစ် စာဖတ်ပရိသတ်များ က လက်ခံနှစ်ခြိုက်ကြသော ဘက်ဆဲလားစာရေးဆရာတစ်ဦးဖြစ် သည်။

““နီကိုရဲက အရင်က သူ့ကိုယ် သူ လွဲတယ်လွဲတယ်နဲ့ ရေးခဲ့တာ တွေတစ်ခုမှ မလွဲဘူး။ အခုမှ တကယ်လွဲသွားတာ။ သူအားလုံး နဲ့ လွဲသွားပါပြီ။ ကျွန်တော် ယုံ ကြည်တာတစ်ခုကတော့ နီကိုရဲ ဘယ်တော့မှ မလွဲတော့ဘူး””ဟု ကာတွန်းစိုးစံဝင်းက ပြောသည်။
နီကိုရဲသည် စာပေလောက တွင် ရိုးသားစွာ ရပ်တည်ရင်း ရုပ် ရှင်နယ်တွင်လည်းပျော်ပါးခဲ့ကာ နောက်ဆုံးတွင် စာပေအရိပ်ကို ပြန်လည်ခိုဝင်ခဲ့သည်ဟု မန္တလေး အရုဏ်ဦးဂျာနယ်မှ တာဝန်ခံ အယ်ဒီတာဆရာလွမ်းဝေနိုင်က ဆို သည်။

““နောက်ဆုံးတွေ့ခဲ့ရတဲ့ အချိန်လေးက စာအုပ်မိတ်ဆက်ပွဲ တစ်ခုမှာ။ ထုတ်ဝေသူကို သူပြော ချင်တဲ့ စကားတွေကို သူ့သားလေး ကိုလက်ညိုးထိုးပြီးပြောလိုက်တယ်။ ပြီးမှ ကွယ်ရာမှ မျက်ရည်ကျတယ်”” ဟု ဆရာကျော်သီဟ(ဟင်္သာတ) က ပြောသည်။
နီကိုရဲကို ၁၉၆၆ ခုနှစ်၊ နိုဝင် ဘာ ၂ ရက်တွင် မွေးဖွားခဲ့ပြီး၊ နာ မည်အရင်းမှာ ရဲဝင်းဖြစ်ကာ ရုက္ခ ဗေဒဖြင့် ဘွဲ့ရခဲ့သည်။ သေဆုံး ချိန်တွင် ချစ်ဇနီးမနိုင်နိုင်ဝင်း (အီ တွန့်ကွမ်)နှင့် ချစ်သားလေး မောင် လင်းမြတ်တို့ကျန်ရစ်ခဲ့သည်။

““နီကိုရဲဆီမှာ ထူးခြားတဲ့ လက်ချောင်းလေးတွေရှိတယ်။ ကျွန်မမြင်ဖူးသမျှ လက်ချောင်း တွေဟာ အရင်းကြီးမယ်၊ အဖျား ရှူးရှူးသွယ်သွယ်၊ ဒါမှမဟုတ် လေးထောင့်လက်စသဖြင့် ရှိပေ မယ့် သူ့လက်ကတော့ အရင်းက သေးပြီး အဖျားပိုင်း ပထမအဆစ် ကကြီးနေတယ်။ ကျွန်မက နင်ဒီ လက်ကြောင့်ဒါ့ထက်နာမည်ကြီးတဲ့ စာရေးဆရာဖြစ်မယ်လို့တောင် နောက်ခဲ့သေးတယ်”” ဟု နီကိုရဲနှင့် ခင်မင်ခဲ့သော မခင်မင်းဇော်က အင်တာနက်စာမျက်နှာပေါ်တွင် အလွမ်းပြေရေးသားထားသည်။

နီကိုရဲသည် ဟန်သစ်တွင် မသီတာနှင့် ဇီးယိုဝတ္ထုတိုကို စတင် ရေးသားခဲ့ပြီး ၃ ပုဒ်မြောက်တွင် ကာယကံရှင် မသီတာက နာမည် မသုံးပါရန်တားမြစ်သောကြောင့် မကြည်ပြာဟု ပြောင်းလဲသုံးစွဲခဲ့ သည်ဟုသိရသည်။
မကြည်ပြာ ၀တ္ထုများကို မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ် များအမည်ဖြင့် ပင်နီစာအုပ်တိုက်မှ ဆရာအော်ပီကျယ်၏ မျက်နှာဖုံး ဖြင့် ပထမဆုံး လုံးချင်းအနေဖြင့် ထုတ်ဝေခဲ့ရာ ဟာသစာရေးဆရာ အဖြစ် ပရိသတ်နှစ်သက်လက်ခံခဲ့ သည်။
အဆိုပါဝတ္ထုမှာ သူ၏ နာမည် အကျော်ဆုံးဝတ္ထုဖြစ်ပြီး ““ကြည်ပြာ ရောင်နဂ္ဂတစ်များ””အမည်ဖြင့် လွင် မိုး၊ ထွန်းအိန္ဒြာဗိုတို့နှင့် ရုပ်ရှင်ရိုက် ကူးခဲ့ရာတွင်လည်း တစ်ခဲနက် အောင်မြင်မှုရရှိခဲ့သည်။

နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ရုပ်ရှင်လေးကား ခန့်နှင့် ဗီဒီယို ၄၀ ကားခန့် ရိုက် ကူးခဲ့ပြီး၊ သစ်ခက်ငါးဝတ္ထုကို သူကိုယ်တိုင် ဇာတ်ညွှန်းခွဲ၊ ဒါရိုက် တာလုပ်ပြီး ဒွေး၊ ထက်ထက်မိုးဦး တို့နှင့် ရိုက်ကူးခဲ့သည်။
သာမန်လူတစ်ယောက်နှင့် ယှဉ်ပါက အရပ်ပုခြင်း၊ ပေါင်ချိန် ၆၅ စသည်တို့မှာ စာဖတ်ပရိသတ် များစွဲမြဲစွာ သိရှိထားသော နီကိုရဲ ၏ သကေတများဖြစ်သည်။

ကြောင်နှစ်ကောင်စာပေတိုက် ၏ လက်စွဲစာရေးဆရာများထဲတွင် တာရာမင်းဝေနှင့် ယခုနီကိုရဲတို့ ကွယ်လွန်သွားပြီဖြစ်သောကြောင့် မင်းခိုက်စိုးစန်နှင့် မနော်ဟရီ (ခေတ္တ-သြစတြေးလျ)တို့သာဆက် လက်ကျန်ရှိနေမည်ဖြစ်သည်။

““တာရာမင်းဝေမဆုံးခင်က ပြောခဲ့ဖူးတယ်။ ကိုယ်ပိုင်အနုပညာ စစ်စစ်ကို တင်ပြနိုင်သူတွေထဲမှာ နီကိုရဲလည်းပါတယ်တဲ့။ ပြောပြီး သိပ်မကြာခင်တရာမင်းဝေဆုံးသွား တယ်။ တကယ်ကို ကိုယ်ပိုင်အနု ပညာတွေတင်ပြနိုင်တဲ့ အနုပညာ ရှင်တွေအရွယ်ကောင်းတုန်း၊ လုပ် ပြစရာတွေအများကြီးရှိတုန်း ဆုံး သွားကြတာလောကအတွက် အနု ပညာလောကအတွက် အင်မတန် နှမျောစရာလွမ်းစရာပါပဲ””ဟု စာရေးဆရာမျိုးကိုမျိုးကပြောသည်။
““တင်ပြချင်တဲ့ အကြောင်းအ ရင်းကို မျက်စိထဲမြင်အောင်အရေး နိုင်ဆုံး စာရေးဆရာတစ်ယောက် ပါ””ဟု ရတီမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာဆရာသျှီသူအောင်က ပြောသည်။

““အစကလင်မယားကွဲနေ တာ။ ဒီနှစ်သီတင်းကျွတ်မှာ သား လေးကိုလည်းလွမ်းလို့ ညှိနှိုင်းပြီး အတူပြန်နေကြကာမှ အခုတစ်လ မပြည့်ခင်ဆုံးသွားတယ်””ဟု ကာ တွန်းစိုးစံဝင်းက ပြောသည်။
နီကိုရဲကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ကာ ““ဘာ..နာ””အမည်ဖြင့် လုံးချင်း ၀တ္ထုစာအုပ်ကို ရက်ပိုင်းအတွင်း ထွက်ရှိထားကြောင်းသိရသည်။
ကျောင်းသားဘ၀တွင် ကဗျာ ရေးခဲ့သော ““နတ်ရွာမိုး””ဟူသည့် ကလောင်ဖြင့် လုံးချင်း ၄ အုပ် ရေးခဲ့သော်လည်း အကြောင်း ကြောင့် နတ်ရွာမိုးမှာ တခြားသူ တစ်ဦးဖြစ်သွားခဲ့သည်။ နတ်ရွာမိုး က သူ၏ ပထမဆုံးကလောင်ဖြစ် သလို စွန်လွှတ်ခဲ့ရသော ကလောင် တစ်ခုလည်းဖြစ်သည်။
၁၉၉၀-၉၁-၉၂ ခန့်က ““နွေ ရာသီတွင် ပေါက်ရောက်သည်”” အပါအ၀င် မော်ဒန်ဝတ္ထုတိုများကို သရဖူတွင်ရေးသားခဲ့သော်လည်း သူ့ကိုဟာသစာရေးဆရာအဖြစ် သာ လူသိကြသည်။

““နီကိုရဲက သေတာတောင် လွဲသွားသေးတယ်။ သူ ၁၂ နာရီ ခွဲဆုံးတာကို ဆရာဝန်က နားကြား လွဲပြီး ၁၁ နာရီခွဲလို့ ရေးပေးလိုက် လို့ တနင်္ဂနွေနေ့မှာ အသုဘချရ မလိုဖြစ်သွားတယ်။ ထုတ်ဝေသူက မန္တလေးသွားနေတော့ တနင်္လာနေ့ မှ ပြန်ရောက်မယ်ဆိုပြီး၊ အင်္ဂါနေ့ ရွှေ့ခိုင်းတယ်။ အဲဒါသူ့မိသားစုက ဆရာဝန်ကို ပြန်သွားပြောမှ ၁၂ နာရီခွဲလို့ ပြန်ပြင်ပေးလိုက်တဲ့အ တွက် စနေနေ့ဆုံးတယ်ဆိုတာ အကျုံးဝင်သွားလို့။ ဗုဒ္ဓဟူးနေ့သတ် မှတ်လိုက်တာ။ အလောင်းက မဂဏန်းမထားဘူး။ စုံဂဏန်းရက် ပဲရတယ်လေ””ဟု နီကိုရဲ၏ နောက် ဆုံးအလွဲကို ဆရာသျှီသူအောင်က ရှင်းပြသည်။
သူ့နေအိမ်မှာ အမှတ် ၂၀၃၊ မေတ္တာ ၁ လမ်း၊ သွပ်ဝိုင်းကြီးရပ် ကွက်၊ သင်္ကန်းကျွန်းမြို့နယ်ဖြစ်ပြီး ယခုလ ၂၈ ရက်၊ နေ့လည် ၂ နာရီ တွင် ရေဝေးသုဿန်၌ သဂြိုဟ်ခဲ့သည်။

7Day News ဂျာနယ် ၊ အတွဲ(8) ၊ အမှတ်(33) ။

Wednesday, October 28, 2009

from Khit Pyaing journal

နိုင်ငံကျော်စာရေးဆရာ နီကိုရဲ ဈာပန ပြီးဆုံး
မျိုးချစ်သူ / ၂၈ အောက်တိုဘာ ၂၀၀၉


ယခုလ (၂၄) ရက်နေ့ နံနက်၌ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လုမ္ဗနီအထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည့် စာရေးဆရာ နီကိုရဲ၏ရုပ်ကလာပ်ကို ယနေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

စာရေးနီကိုရဲ၏ ဈာပနအခမ်းအနားသို့ နာရေးကူညီမှုအသင်းမှ ဦးကျော်သူနှင့်ဇနီး အပါအ၀င် စာရေးဆရာမ သန်းမြင့်အောင်နှင့် အခြားသောနာရေးကူညီမှုအသင်းသားများ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ သရုပ်ဆောင် မျိုးစန္ဒီကျော်၊ ဟာသသရုပ်ဆောင် ညောင်ညောင်၊ ဒါရိုက်တာ မိုက်တီးတို့နှင့် အခြားသော စာရေးဆရာများ၊ အနုပညာမောင်နှမများ၊ နီကိုရဲကိုချစ်သော ပရိသတ်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက “သူအောင်မြင်ခဲ့တဲ့ အနုပညာသမားဘ၀နဲ့ သူပေးဆပ်လိုက်ရတဲ့ အချိန်တွေကတော့ နှမြောစရာ ကောင်းပါတယ်” ဟု ၀မ်းနည်းကြောင်း ဆိုသည်။

နီကိုရဲအသုဘအခမ်းအနားတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၏လွမ်းသူ့ပန်းခြင်းတွင် “နီကိုရဲ..ကမ္ဘာမြေကို ရောက်ခဲ့တဲ့ ရက်ခြင်းတူပေမယ့် မင်းကတော့... ၀ဋ်ကျွတ်သွားပြီ၊ ငါကတော့... ၀ဋ်ခံရင်းနဲ့ ငြိမ်းချမ်းမှုကို ဆက်ရှာရဦးမယ်...။ ရုပ်ရှင်မင်းသား မဟုတ်တော့တဲ့ ...ကျော်သူ” ဟု ၀မ်းနည်းကြောင်းစာ ရေးသားထားသည်။

စာရေးဆရာနီကိုရဲ၏ အမည်ရင်းမှာ ကိုရဲဝင်းဖြစ်ပြီး အဖဦးတင်ဝင်း၊ အမိဒေါ်မြကြည်တို့မှ ၁၉၆၆ ခုနှစ် နိုဝင်ဘာ (၂) ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၂) ဦးအနက် အကြီးဆုံးဖြစ်သည်။ ၎င်းသည် ၁၉၉၂ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရုက္ခဗေဒဘွဲ့ ) ရခဲ့ပြီး အသက် (၂၇) နှစ်တွင် ရုပ်ရှင်အောင်လံမဂ္ဂဇင်း၌ တိတ်ဆိတ်ခြင်းတံတားပေါ်မှာ ၀တ္ထုတိုဖြင့် စာပေလောကသို့ ၀င်ရောင်ခဲ့သည်။

ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျတော်နှင့်ချစ်ခြင်းနဂ္ဂတစ်များ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော်စာရေးဆရာတဦး ဖြစ်လာခဲ့သည်။

ပင်နီစာအုပ်တိုက်မှထုတ်ဝေသည့် ချစ်ခြင်း၏နဂ္ဂတစ်များ လုံးချင်းဝတ္ထုဖြင့် အရောင်းရဆုံးစာရင်းဝင်ဖြစ်ခဲ့သည်။ လုံးချင်းဝတ္ထု (၃၀) နီးပါး ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗွီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၃၀) ကျော်ရေးသားခဲ့သည်။

နီကိုရဲသည် အိုင်ဒီယာမဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တဦးလည်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီး မနိုင်နိုင်ဝင်းနှင့် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။

from Moemaka


စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ နီကိုရဲ ရဲ့ဈာပန မြင်ကွင်း
မိုးယံမခ
ရန်ကုန်၊ ၂၈ အောက်တိုဘာ ၂၀၀၉



နီကိုရဲ မကွယ်လွန်မီက ပုံ
စာပေမိတ်ဆွေများရဲ့ အမှတ်တရ နံရံကပ်စာမျက်နှာ
ဈာပန လက်ကမ်းစာရွက်
ဟာသစာရေးဆရာအဖြစ် အောင်မြင်ထင်ရှားခဲ့တဲ့ စာရေးဆရာ နီကိုရဲ ရဲ့ဈာပနကို ၂၀၀၉ အောက်တိုဘာ ၂၈ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ မီးသဂြိုဟ်ပြီးစီးခဲ့ပါတယ်။
လိုက်ပါပို့ဆောင်ကြသူများအတွက် သင်္ဃန်းကျွန်း၊ သွားကောလိပ်ရှေ့ သွပ်ဝိုင်းကြီးရပ်ကွက်၊ မေတာ(၁)လမ်းရှိ အမှတ် ၂၀၃ နေအိမ်နဲ့ ၃၅ လမ်း၊ အထက်ဘလောက် လေထန်ကုန်း (၀ဇီရာရုပ်ရှင်ရုံရှေ့) မှ ဈာပနကားများ စီစဉ်ပေးခဲ့ပါတယ်။



စာပေမိတ်ဆွေများရဲ့ လွမ်းသူ့ပန်းခွေများ
နာရေးကူညီမှုအသင်း
နီကိုရဲကို ချစ်ခင်ကြတဲ့ စာရေးဆရာ၊ အယ်ဒီတာ၊ ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ကာတွန်းဆရာ၊ ပန်းချီဆရာများက အမှတ်တရလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါတယ်။ လက်ကမ်းစာစောင်မှာ နီကိုရဲအတွက် အမှတ်တရစကားများနဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားပါတယ်။





ပို့ဆောင်နှုတ်ဆက်သူ မိသားစုနဲ့ မိတ်ဆွေများ
နောက်ဆုံးနှုတ်ဆက်ကြစဉ်
နီကိုရဲရဲ့ နောက်ဆုံးခရီးကို နယ်ပယ်အသီးသီးက အနုပညာရှင်များနဲ့ သူ့ကိုချစ်ခင်ကြတဲ့ စာဖတ်ပရိသတ်အများအပြား လိုက်ပါပို့ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။

(ဓာတ်ပုံ - မိုးမခ၊ မိုးယံမခ)



Monday, October 26, 2009

Maung Thit Sinn

မောင်သစ်ဆင်း ကွမ်းစာ
မောင်သစ်ဆင်း
အောက်တိုဘာ ၂၆၊ ၂၀၀၉
(ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး - မိုးချိုသင်း)
ချိုသင်းရေ …
နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။
ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။
နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်၊ တစ်ခါတစ်ခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။
မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။
အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ၊ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ။ သတင်းပေးသတင်းယူ။ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )
အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊
အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။

တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လို ရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ်။
( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ)
အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။
ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား၊ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ၊ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။
ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်၊ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။
ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။
တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တစ်ယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။
ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်၊ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တစ်ခေတ်တစ်ယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။
နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်၊ နင်တို့နဲ့အတူ ကြေကွဲရပါတယ်၊ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်၊ တမ်းစာ တွေပဲ ရေးချင်ပါတယ်၊ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့၊ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်၊ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်၊ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်၊ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။

သိပ်မကြာခင်မှာ ကာတွန်းအောင်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။
ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တစ်ခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။
မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်၊ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။
ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်၊ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။
(မိုးချိုသင်းဘလော့ဂ်က ကူးယူပါတယ်)

from Irrawaddy

မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး
အေးချမ်းမြေ့

မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။

ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

[စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း]

စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း
ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။

သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။

ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။

စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။

ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။

သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။

စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။

စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။

ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။

ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။

ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။

Sunday, October 25, 2009

from khinminzaw.blogspot.com

နီကိုရဲ အတွက် ရေးတဲ့စာ
Sunday, October 25, 2009

စာရေးဆရာ နီကိုရဲ ဆုံးတာကို မျက်နှာ စာမျက်နှာပေါ်မှာ မနော်ရေးမှ သိလိုက်ရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ သူနဲ့ ပြန်ဆုံရဦးမယ်လို့ တွေးထားတာ။

တလောက ချင်းမိုင်ရောက်တုန်းကတောင် တူးတူးသာနဲ့ သူ့အကြောင်းပြောမိသေးတယ်။ သူ့စာအုပ်အသစ်မထွက်နိုင်တာ ထုတ်ဝေသူက ညစ်ပတ်ထားတဲ့အကြောင်းတွေ စုံစုံလင်လင်ပြောဖြစ်တယ်။ အနုပညာသမားကတော့ စီးပွားရေး ဘယ်သိပါ့မလဲလေ။ ကိုယ့်အပေါ်ကောင်းလှချည်လား ထင်ပြီး အဲဒီလူကို ပစ်ယုံတတ်ကြတယ် မဟုတ်လား။ ဒါနဲ့ပဲ သူ စိတ်ညစ်ခဲ့ရမယ်။ အနုပညာသမားမို့လဲ ပိုခံစားတတ်ခဲ့လိမ့်မယ် ထင်ပါတယ်။

သူနဲ့ ကျမကလဲ ဆုံတွေ့ခင်မင်ခဲ့ပုံက ရိုးပါတယ်။ စာအုပ်ထုတ်ဝေရေးလုပ်တော့ လေထန်ကုန်းမှာ သူငယ်ချင်းခက်မာနဲ့ တူတူ သွားသွားထိုင်တတ်တယ်။ အဲဒီမှာ ခင်ခဲ့တာပဲ ၊ သူက ဗေဒင်တွက်တတ်တယ် လက္ခဏာကြည့်တတ်တယ်။ ဒီတော့ ပိုပြီး ခင်မင်ဖို့ လွယ်ကူတယ်။ လက်ကလေး ထိုးပေးပြီး အပျင်းပြေ ကြည့်နေကြတဲ့ အုပ်စုက ကျမတို့ခက်မာတို့ မေငြိမ်းတို့ပေါ့။ အဲဒီ ၉၅ နှစ်ကုန်ပိုင်း ၉၆ နှစ်စ ပိုင်းတွေမှာ တနင်္လာသမီးများဖြစ်ကြတဲ့ မေငြိမ်း၊ ခက်မာ၊ မိုချာ့၊ မိုးချိုသင်း၊ ကေသီ ၊ ကျမ ဆိုတဲ့ ခင်မင်းဇော်တို့ ကျားမတွေ ဆုံတွေ့ပြီး မခွဲပဲ တတွဲတွဲ ရှိခဲ့ဖူးတဲ့ရက်စွဲတွေပေါ့။

ဗွီဒီယို ကင်မရာတလုံးနဲ့ ရန်ကုန်မြို့လည်မှာ လျှောက်သွားနေတဲ့ ကျမနောက်ကို ကင်မရာအိတ်ထမ်းပြီး မကြည် ဟိုလူတွေ ရိုက်ပါလား။ ဒီရှုခင်းမိုက်တယ် ရိုက်ရိုက်ဆိုပြီး မြှောက်ပေးတတ်တာ နာမည်ကျော် စာရေးဆရာ မဖြစ်သေးတဲ့ စာရေးဆရာပေါက်စ နီကိုရဲခေါ် ကိုရဲပါပဲ။ ဒါပေမယ့် အဲဒီအချိန်ကတည်းက သူ့စာတွေက မဂ္ဂဇင်းတွေမှာတော့ နာမည်ထွက်နေပြီ။ ကြည်ပြာရောင်နဂ္ဂတစ်များထဲက မသီတာကို နာမည်ပြောင်းပေးရတဲ့အချိန်လဲ ဖြစ်မယ်ထင်ပါတယ်။

သူနဲ့ ကျမက ညနေစောပိုင်းတွေမှာ ကျမအလုပ်လုပ်တဲ့ ၃၇လမ်းထဲက ရုံးခန်းမှာ သူ့ကိုစောင့်ပြီး သူရောက်တာနဲ့ ကြည့်မြင်တိုင် ညဈေးဘက်တွေ။ တခါတလေ ဗိုလ်တထောင်ဘုရားဘက်တွေ ။ ဘယ်မှ သိပ်မသွားချင်ရင် ဆူးလေဘုရားလမ်းနဲ့အနော်ရထားလမ်း အနီးအနားက ပလက်ဖောင်း တောက်လျှောက်ရောင်းနေတဲ့ ဆိုင်တွေမှာ ဈေးရောင်းဈေးဝယ် စည်ကားနေတာမျိုးတွေကို လိုက် လိုက်ရိုက်ရတယ်။ ကျမအဲဒီတုန်းက ကိုင်တဲ့ ဗွီဒီယိုကင်မရာကလဲ ခုလိုသေးသေးလေးတွေမဟုတ်ပါဘူး။ ပုခုံးမှာထမ်းရတယ် ၊ နောက်ခုလို မော်နီတာသေးသေးလေး မပါတဲ့ မျက်လုံးနဲ့ ကြည့်ရတဲ့ ကင်မရာအကြီး။ ဒီတော့ ရိုက်စရာ ရှိတာ ရိုက်ပြီးရင် သူက ပေးအမ ကျနော့်ကိုပေးဆိုပြီး ကိုင်ပေးထားတာပဲ။ သူရိုက်စေချင်တဲ့ မြင်ကွင်းတွေဆို အမ ရိုက် ရိုက်ဆိုပြီး အတင်းခေါ်တော့တာ။

ကျမတို့ ပလက်ဖောင်းဈေးသည်တွေကို ပထမဆုံး ရိုက်တုန်းက ထင်တယ်။ ဈေးသည်တွေက ပစ္စည်းတွေသိမ်းပြီး ပြေးမယ်လုပ်လို့ ။ မနည်းလိုက်ဆွဲရတယ်။ ကျမတို့ အပျော်ရိုက်တာပါ ။ အရိုက်ကျင့်နေတာပါဆိုပြီး တောင်းပန်ရှင်းပြ လုပ်ရတယ်။ ဘာလို့ ထွက်ပြေးတာလဲ ပြောတော့ စည်ပင်က လာရိုက်တာ မှတ်လို့တဲ့။

နီကိုရဲ ဆီမှာ ထူးခြားတဲ့ လက်ချောင်းလေးတွေ ရှိတယ်။ ကျမ မြင်ဖူးသမျှလက်ချောင်းတွေဟာ အရင်းကြီးမယ် အဖျားရှုးရှုးသွယ်သွယ် ၊ ဒါမှမဟုတ် လေးထောင့်လက် စသဖြင့် ရှိပေမယ့် သူ့လက်ကတော့ အရင်းက သေးပြီး အဖျားပိုင်း ပထမဆစ်က ကြီးနေတယ်။ ကျမက သူ့လက်ကို ပြန်ကြည့်ပြီး နင်က ဒီလက်ကြောင့် ဒါ့ထက်နာမည်ကြီးတဲ့ စာရေးဆရာ ဖြစ်မယ်လို့တောင် ပြန်နောက်ခဲ့သေးတယ်။

ဒီလိုနဲ့ ကျမ အိမ်ထောင်ကျပြီး လွိုင်ကော်ဖက်ရောက် ... နောက် စာပေနယ်က အားလုံးနဲ့ အဆက်ပြတ်သလောက်ဖြစ်နေတဲ့ အချိန်ပိုင်းမှာ ခက်မာက ပုသိမ်အိမ်ကိုလာလည်တယ်။ အိမ်မှာအိပ်ခါနီး ညဘက်ကျတော့ သတိတရ ဘယ်သူရှိသေးလား သူဘာလုပ်နေလဲ လျှောက်မေးနေတုန်း ခက်မာက ဗြုန်းကနဲ အမ နီကိုရဲဆီ ဖုန်းဆက်မလား သူ့ဟန်းဖုန်းနံပါတ် ကျမဆီမှာ ရှိတယ်တဲ့။ အေး ဆက်ကြည်ရအောင် ဆိုပြီး ဖုန်းဆက်စကားပြောဖြစ်သေးတယ်။ အမ ပုသိမ်ပြန်ရောက်နေသလား။ ကလေး ဘယ်အရွယ်ရောက်နေပြီလဲ။ အကိုရော ဘယ်မှာလဲ မေးခွန်းတွေချည်း မေးဖြစ်ကြတယ်။ အေး ဒီတခါ ရန်ကုန်လာရင် လေထန်ကုန်းကို လာလည်ဦးမယ်ဆိုတော့ လေထန်ကုန်းက သိပ်မစည်တော့ဘူး အမရဲ့။ ခု ဂျက်ကာ တခုပြောင်းထိုင်တယ် တဲ့။
နောက်ပိုင်း ရန်ကုန်ရောက်ပေမယ့် မဆုံဖြစ်ခဲ့ဘူး။ လေထန်ကုန်းမဟုတ်ပဲ ပိုအဆင့်မြင့်တဲ့ အင်းဝ စာအုပ်ဆိုင်နားက နာမည်မေ့နေတဲ့ ကော်ဖီဆိုင်မှာပဲ ဆုံဖြစ်ကြတယ်။ အဲဒီအချိန်မှာတော့ ကလေးအမေတွေဖြစ်နေတော့ အရင်ကလို တမေ့တမော မထိုင်ဖြစ်ကြတော့ဘူး။

မတွေဖြစ်တာ ကြာပေမယ့် မှတ်မှတ်ရရ ဒီလဆန်းပိုင်းကပဲ သူ့အကြောင်းကို သတိတရပြောဖြစ်ပြီး ခုတော့ သူဆုံးပြီတဲ့။ အနုပညာသမားတွေမှာ ကိုယ်မှန်နေတာကိုတောင် စီးပွားရေးသမားရဲ့ ချုပ်ကိုင်မှုထဲက ရုန်းထွက်ဖို့ ငွေကြေးမတတ်နိုင်ခဲ့လို့ ရေးထားခဲ့တဲ့ ၀တ္ထုတွေ မထုတ်နိုင်ပဲ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်၊ စိတ်ဓါတ်တွေ ကျဆင်း အဲလိုဖြစ်ခဲ့လေသလားလို့ တွေးရင်း စိတ်မကောင်းဖြစ်နေရတယ်။ အဲဒီအကြောင်းတရားတွေက သူ့ကို အသက်တိုစေတာဖြစ်မှာပဲ။

ပျော်စရာတွေ အရေးကောင်းခဲ့တဲ့ နီကိုရဲ ဆိုတဲ့ ရိုးသားတဲ့ ကိုရဲဝင်း တယောက် ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ပဲ အမ ဆုတောင်းပေးလိုက်ပါတယ်။
ဗွီဒီယို ကင်မရာ ကိုင်တိုင်း သတိရနေဆဲပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Posted by ခင်မင်းဇော် at 12:16 AM

Labels: အမှတ်တရ

13 comments:

စာပေလောက အထူးသဖြင့် ဟာသစာပေလောကအတွက် ဆုံးရှုံးမှုပါ။
ရိုက်ကွင်းမှ အလွဲတွေ ဘာတွေ ခဏခဏ ပြန်ဖတ်ဖြစ်တယ်။
Ko Boyz said...
October 25, 2009 1:50 AM

အစ်မရေ စီးပွားရေးသမားတွေကြောင့် ဟုတ်ချင်မှလည်း ဟုတ်မှာပါ သူ့ကံကုန်လို့ပဲ သဘောထားလိုက်ပါ။

သူရေးတဲ့စာအုပ် ပထမဦးဆုံး ဖတ်ဖူးတာ နာမည်နဲ့ ခုနှစ်တော့ မမှတ်မိတော့ဘူး အကြောင်းအရာကတော့ အားလုံးမှတ်မိနေတယ် ဇာတ်ကောင် အမျိုးသမီးနာမည်က မကြည်ပြာ ဇာတ်လမ်းထဲက သူ့ကောင်လေးက မကြည်ပြာထက် အရပ်နှိပ်တယ်။ အဲဒီမကြည်ပြာတို့ အတွဲအကြောင်း ရေးထားတာ လုံးဝ ပါးစပ်မပိတ်ရဘူး။ ဖတ်တဲ့သူတိုင်း လက်ကမချနိုင်အောင် ဖြစ်တယ်။

စာရေးဆရာ နီကိုရဲ ကောင်းရာသုဂတိ လားပါစေလို့ အစ်မနဲ့အတူ ဆုတောင်းပေးသွားပါတယ်။
Nge Naing said...
October 25, 2009 6:24 AM

နင်ရေးတာ ပိုစုံတယ်.. ငါကတော့ နောက်ဆုံးတွေ့ခဲ့ရတဲ့ ရက်ကလေးကိုပဲ သတိရနေမိတာ..။ ရယ်စရာတွေ ပြောနေကျပေမဲ့ တကယ်တမ်းကျတော့ ငါတို့ အားလုံး အဲဒီအချိန်မှာ စိတ်တော်တော် ဆင်းရဲနေကြရတာလည်း မှတ်မိတယ်..။ ခု နင်ရေးတာလေး စုံစုံလင်လင်ဖတ်ရတော့မှ အစောပိုင်းကာလ လေထန်ကုန်းရဲ့ ရက်တွေကို ပြန်မြင်လာတယ်..။ အဲဒီတုန်းက ဗိုတောက် (နေဇော်နိုင်)လည်း ပါသဟ...
လွမ်းလိုက်တာ...
မေငြိမ်း said...
October 25, 2009 8:12 AM

မကြည်ပြာကို နဂ္ဂတစ်တွေထဲမှာထားခဲ့ပြီပေါ့ ကိုရဲဝင်းရေ..။
phyomaung2 said...
October 25, 2009 12:59 PM

အမရေ အမစာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။

တွေကြုံဆုံကွဲ ဆိုတာမျိုးပေါ့နော် အမ။

ဘာပဲ ဖြစ်ဖြစ် နီကိုရဲ ဆိုတာ နာမည်တစ်လုံးတော့

ကျန်ခဲ့ပါတယ်။ ဆရာနီကိုရဲ ကောင်းမွန်သော ဘုံဘဝ

ကို ရောက်ရှိပါစေဗျာ။

ခင်တဲ့ ရီနို
reenoemann said...
October 25, 2009 3:14 PM

အင်းဝဘေးနားက ကော်ဖီဆိုင်ဆိုတော့ Aroma ဖြစ်မယ် ထင်တယ်။

နီကိုရဲကို ကြည်ပြာရောင်နဂ္ဂတစ်များနဲ့ တွဲပြီး စတင် ရင်းနှီးခဲ့တယ်။ မကြည်ပြာနဲ့ ကိုရဲဝင်းရဲ့ ဇာတ်လမ်းတွေနဲ့ တွဲပြီး သူ့ကို မှတ်မိနေတယ်။

ကြယ်တစ်ပွင့် ကြွေလွင့်သွားပြန်ပြီပေါ့။
JulyDream said...
October 25, 2009 5:36 PM

ကိုရွှေဘုန်းလည်း ကြောင်နှစ်ကောင်မောင်မျိုး ဆိုတဲ့ ထုတ်ဝေတဲ့ကောင်တွေ ချုပ်ကိုင်လို့ အရာရာ ကသိကအောက်ဖြစ်ခဲ့တယ် နီကိုရဲလည်းဒီအတိုင်းဘဲ အနုပညာကိုသာနားလည်ငွေကြေးချို့တဲ့ သူတွေကို မဖြစ်စလောက်ငွေမက်လုံးလေးပေးပြီး ခေါင်းပုံဖြတ်ခြင်တဲ့ ကောင်တွေ ခေါင်းဖြတ်ပစ်မယ် သတိထား
ကျောက်ကျော said...
October 26, 2009 2:36 AM

တကယ်နှမျောမိတယ်ဗျာ.စာပေလောကအတွက်ရော
စာပေမြတ်နိုးတဲ့လူတိုင်းအတွက်ပါ ဆုံးရှုံးမှု့တခုပါဘဲ
ကိုနီကိုရဲကောင်းရာသုဂတိရောက်ပါစေလို့ ဆန္ဒပြုပါ
တယ်ဗျာ။
min said...
October 26, 2009 10:47 AM

မြန်မာပြည်က အချစ်ဝထ္ထုကို စတင်ဖတ်ခဲ့တာ နီကိုရဲကို “ စိတ်အိုင်ပတ်သူ” ဆိုတဲ့ ဝထ္ထုပါ။ အရမ်းကောင်းလွန်းလို့ ၂ ကျော့ပြန်ဖတ်ခဲ့ရတယ်။ “ အား ” ဆိုတဲ့ အသံနဲ့ အော်လိုက်တော့ မုန့်ဟင်းခါးသည်က ဘာဖြစ်လို့လဲလို့မေးတော့ “မုန်းဟင်းခါး တပွဲပေး အကျော်မထည့်နဲ့” မဟုတ်ဘူးခုနက ဘာဖြစ်လို့လဲ “မုန်းဟင်းခါး တပွဲပေး အကျော်မထည့်နဲ့” တဲ့ အဲဒီမှာတင် အမည်မသိ ကောင်မလေးတယောက်က မုန့်ဟင်းခါးဖိုး ရှင်းပေးသွားတယ်။

နီကိုရဲ ကောင်းရာသုဂတိလားပါစေလို့ သူ့ပုရိသတ် တဦးအနေနဲ့ ဆုတောင်းပေးပါတယ်။
နိုင်နိုင် said...
October 26, 2009 11:06 AM

အမရေ aug27.weebly.com ကို ယူသွားတယ်။ ဆရာနီကိုရဲ အမှတ်တရ သိမ်းထားချင်လို့ပါ။
komin said...
October 27, 2009 11:52 AM

မကြာခဏတော့ ရောက်ဖြစ်ပါတယ်ဗျာ.. ။ နီကိုရဲ ဆုံးတယ်ကြားတော့.. စိတ်ထဲမယ် မကောင်းဘူး..။

ကြည်ပြာရောင်နဂ္ဂတစ်များ ဆိုတဲ့ ဇာတ်ကားကို.. မဒမ်နဲ့ သွားကြည့်ဖူးတာ.. ပြန်အမှတ်ရမိတယ်..။
Navana said...
October 27, 2009 9:37 PM

ကျွန်တော်ကိုနီကိုရဲနဲ့ပထမ အကြိမ်တွေ့တွေ့ချင်းခင်သွားတယ်။ သူ့အိမ်ကို ကိုသီဟန်သွင် နဲ့ရောက်သွားဖူးတာ။ နောက်ထပ်ခဏခဏ ရောက်ဖြစ်တယ်။ ကိုသီဟန်သွင်နဲ့ဘဲ။ တနေ့လည်ကျွန်တော်တို့ရှိနေတုန်း ထုတ်ဝေသူတယောက်ရောက်လာပြီးပိုက်ဆံတထပ်ပေးသွားတယ်။ ဒါကို ချက်ချင်းတဝက်ကိုသူ့အမျိုးသမီး ကိုပေးပြီး ကျန်တဝက်နဲ့ကျွန်တော်တို့ကိုလိုက်ဧည့်ခံတာ မှတ်မိနေသေးတယ်။ တကယ်တော့သူက တော်တော်စိတ်ကောင်းရှိ ပြီး ခင်ဖို့ အရမ်းကောင်း တယ်။ နောင်ဝတ္ထု ဖြစ်လာမယ့်အကြောင်းတွေ တရစပ်ပြော တာပါးစပ်မပိတ်ရဘူး။

Aung Way

တို့ ပိုင်တဲ့ယာ
အောင်ဝေး
အောက်တိုဘာ ၂၅၊ ၂၀၀၉

ထန်း မထွက်ရတဲ့အထဲ
နှမ်းပျက်တဲ့ နှစ်တွေလည်း များခဲ့ပြီ။

မိုးခေါင်တောမှာ
လောကအမွန် ဗုံသံ
မကြားပြန်တာလည်း ကြာပြီ။

ညီလေးရေ …
ယောက်ဖခွေးခေါ်
အောင်ကျော်လေးထမ်း
မငြိမ်းချမ်းတဲ့
ယာလမ်းခရိုးမှာ
မင်းဆိုးခဲ့တာတွေလည်း
ငါတို့ ခွင့်လွှတ်တယ်
ငါတို့ ဆိုးခဲ့တာတွေလည်း
မင်းခွင့်လွှတ်ပါ။

တို့ ညီအကိုတွေ
ဖြစ်လေရာ ဘဝ
အကြမ်း မဖက်
နှမ်း မထွက်တဲ့
အိပ်မက် က လွတ်မြောက်ရပါလို၏။ ။

(အောက်တိုဘာ ၂၄၊၂၀၀၉ နေ့ က ရန်ကုန်မြို့ တွင်ကွယ်လွန်သွားခဲ့သော စာရေးဆရာ နီကိုရဲ သို့ )

May Nyane

နီကိုရဲ …
မေငြိမ်း
အောက်တိုဘာ ၂၅၊ ၂၀၀၉

သူက ကျမကို မာမီလို့ ခေါ်တယ်..။ သူ့ကို တွေ့ရင် တတွတ်တွတ်နဲ့ ဆုံးမ တတ်လို့တဲ့..။ ကျမကတော့ သူ့ကို ကိုရဲလို့ပဲ ခေါ်ပါတယ်။ ကျမတို့ချင်းက ဝေး.. ဝေး... နေတတ်တော့ တွေ့ရပြီလားဟေ့ဆိုရင် စကားပြောလို့ ကောင်းမယ့် တနေရာရာကို သွားဖြစ်အောင် သွားထိုင်ပြီး တွတ်ထိုးတော့တာ..။

(မေငြိမ်း၊ နီကိုရဲ၊ ခက်မာ)
(တိုက်တိုက်ဆိုင်ဆိုင်.. ပြီးခဲ့တဲ့ ကျမတင်ထားတဲ့ ကိုအောင်ဝေးလုပ်တဲ့ အင်တာဗျူး.. မရေးဖြစ်တဲ့ ကဗျာကို ကျမတို့ ၃ယောက် လဆက် ဖြေခဲ့ကြတာ.. ခုတော့ တကယ်ပဲ စိုတဲ့လက်မှ မခြောက်ခင်...)
အများအားဖြင့် ပြောဖြစ်တာက ဘ၀အမောတွေ..။ ကျမတို့ တွေ့ရင် မမေ့မလျော့ လုပ်ဖြစ်တာက ကိုရဲကို ကျမက ဗေဒင်တွက်ခိုင်းဖို့နဲ့ ကိုရဲကလည်း မမေ့မလျော့ ကျမ လက္ခဏာကို တောင်းတောင်းကြည့်တတ် တာ..။ (နီကိုရဲက ဗေဒင်ဟောရင် သိပ်မှန်တာ)။ အဲဒီအခါကျရင် ကြားထဲ ရှုပ်တုပ်ရှုပ်တုပ် လုပ်တတ်ကြတာက မင်းခိုက်စိုးစန်..။ ဒါမှမဟုတ်.. ခက်မာ။ ဒါမှမဟုတ် ဝေမှူးသွင်။ ကျမတို့တတွေ တကယ့် မောင်နှမရင်းချာတွေလို. တိုင်ပင်ကြ.. ရင်ဖွင့်ကြ..။ ဘယ်လောက်ဝေးနေနေ ပြန်တွေ့ရင် နွေးထွေးမြဲ..။
ကိုရဲ ၀တ္ထုတွေ အောင်မြင်ချိန် ကျောင်းထဲ ရုပ်ရှင်လာရိုက်တဲ့အခါ ကျမကို ဌာနမှာ သူ လာရှာခေါ်သွားပြီး သူ့ရိုက်ကွင်းအနားမှာ လေပွားခဲ့ကြတာ..။ တခါက မင်းသမီးတယောက်ကို ကျမနဲ့ မိတ်ဆက်ပေးတော့ အဲဒီ မင်းသမီးက ကျမကို ခပ်တည်တည် လုပ်နေလို့ဆိုပြီး ကျမရှေ့မှာ မင်းသမီးကို ဟောက်တာ မှတ်မိသေးတယ်..။
ကိုရဲက အဲလို ကိုယ့် အစ်မတွေ သူငယ်ချင်းတွေကို တန်ဖိုးထားတဲ့သူ။ တကယ်က သူနဲ့ ကျမက အသက် ၁နှစ်ခွဲပဲ ကွာတာပါ။ ဒါပေမဲ့ သူက ကျမကို အစ်မကြီးလို.. ကျမက သူ့ကို မောင်ငယ်လို ဆက်ဆံတော့ ကျမတို့က တကယ့် မောင်နှမတွေလို..။
သူနဲ့ နောက်ဆုံးတွေ့ခဲ့ကြတာ ၂၀၀၄ နိုဝင်ဘာလထဲ.. ကိုငှက်(ထူးအိမ်သင်)ဆုံးတာ ရက်၁၀၀ပြည့် အထိမ်းအမှတ်ကို နေမျိုးဆေးက Mr.Guitar မှာ ကိုငှက်မိသားစုနဲ့ သူငယ်ချင်းတွေချည်းပဲ အမှတ်တရဆိုပြီး လုပ်ပေးတဲ့ပွဲလေးမှာ ကိုငှက် သိပ်ချစ်တဲ့ ကိုရဲနဲ့ ကျမတို့တတွေ ဆုံဖြစ်ခဲ့ကြတာ..။ နောက် မင်းခိုက်စိုးစန် ရောပေါ့...။


(နီကိုရဲ၊ ခက်မာ၊ မေငြိမ်း၊ မင်းခိုက်စိုးစန်)
(ကိုရဲအိမ်မှာ.. ထုံးစံအတိုင်း မောင်နှမတတွေ.. တဟားဟားနဲ့ ရယ်ခဲ့ကြရတာ.. အဲဒါ နောက်ဆုံးတွေ့ခဲ့ရတာပေါ့)

ထုံးစံအတိုင်း မောင်နှမတွေ အလုပ်ကိုယ်စီရှုပ်ပြီး မတွေ့တာကြာလို့မို့... စကားတွေ ဖောင်လောင်တိုက် ပြောကြတာ..။ သူက ပြောလိုက်သေးတယ်.. ကိုငှက်သာ ကြည့်နေရင် ကျနော်တို့ကို ကြည့်ပြီး သူ့တော့ မလွမ်းကြဘဲ လေကန်နေကြတယ်လို့ ဆဲနေမှာတဲ့..။ (အဲဒီတုန်းကလည်း ကိုရဲက သူနဲ့ ကိုငှက် ဂျစ်ကျကြပုံတွေ ပြောပြတာမို့ ကျမတို့မှာ ငိုချင်တဲ့ ကြားကပဲ ရယ်နေခဲ့ကြရတာပါ။
(ကိုရဲက ရယ်စရာ ဖြစ်အောင်ကို ပြောတတ်တာပါ။ အဲလိုရယ်စရာတွေသာပြောနေတာ သူ့ရုပ်ကတော့ ခပ်တည်တည် ထားတာမို့ ကျမတို့မှာ ပိုရယ်နေရတာပါ)။
တကယ်တော့ ကျမတို့အားလုံးဟာ ကိုငှက် ဆုံးတုန်းက အသည်းတွေ ကွဲခဲ့ကြတဲ့ သူတွေချည်းပါပဲ..။ ခုတော့ဖြင့်... ကိုငှက်နောက်ကနေ.. တန်းစီသွားကြသူတွေထဲ သူလည်း နံပါတ်စဉ် တခု ချိတ်ခဲ့ပြီ။

ကိုရဲရေ...
ခုလည်း ငါကတော့ ဆူချင်တာပါပဲ...။ မွေးရာပါနှလုံးရောဂါဟာ အရက်အလွန်အကျွံသောက်ရင် သေဖို့ သိပ်မြန်တယ်ဆိုတာ.. နင်အသိဆုံးလေ.. ကိုရဲ..။

ငါ ပို စိတ်မကောင်းဖြစ်ရတာက ဒီကနေ့ နင့်နာရေးသတင်းကို ငါနဲ့ စိုးလေး ပြောလိုက်ကြရတာပဲ..။ (စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ)
ကိုရဲရေ.. ခက်မာလည်း ညက အိပ်မပျော်ဘူးသိလား...။ တကယ်တော့ ငါတို့ သူငယ်ချင်းအားလုံးကို အမြဲတမ်းပျော်အောင် လုပ်ခဲ့တဲ့ နင့်မှာ နာကျင်စရာတွေ ရှိသမျှ.. ငါတို့ကကျတော့ နင့်ကို ဘာမှလုပ်မပေးနိုင်ခဲ့ပါလားနော်...။
ချစ်တဲ့
မာမီ
အောက်တိုဘာ ၂၄၊ ၂၀၀၉


( မေငြိမ်းဘလော့ဂ်က ကူးယူပါတယ်)

Saturday, October 24, 2009

from Moemaka

စာရေးဆရာနီကိုရဲ ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၂၄၊ ၂ဝဝ၉


ထင်ရှားသည့် စာရေးဆရာတဦးဖြစ်သူ နီကိုရဲသည် ယနေ့နံနက်က ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ် ရှိပြီ ဖြစ်သည်။

နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သူ၏ မိတ်ဆွေတဦးဖြစ်သူ ဒါရိုက်တာ မောင်မျိုးမင်းက မိုးမခကို ပြောသည်။

နီကိုရဲကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး စာရေးဆရာမ မနော်ဟရီက သူ၏ အင်တာနက် ဘလော့ဂ် စာမျက်နှာတွင် “ကြွေလွင့်သွားသောကြယ်တစ်ပွင့်” အမည်ဖြင့် စာစုတခု ရေးထားသည်။

လူအများနှင့် အဆင်ပြေစွာ နေထိုင်တတ်သဖြင့် လူချစ်လူခင် ပေါများသူဖြစ်သည်ဟု မနော်ဟရီက ဆိုသည်။

Moe Cho Thin

နီကိုရဲရေ …
မိုးချိုသင်း
အောက်တိုဘာ ၂၄၊ ၂၀၀၉

နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။ ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။
ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။
ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။

တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။
ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။
ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။
အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။)
အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက် တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။
အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။
နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။

အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။

(မိုးချိုသင်းဘလော့ဂ်က ကူးယူဖော်ပြပါတယ်။ သရုပ်ဖော်ပုံက စောမင်းဝေ။ မဂ္ဂဇင်းသရုပ်ဖော်ပုံကို ဖြတ်ပြီး ပြန်လည်တင်ဆက်တာပါ။ ကျေးဇူးပါပဲ။ )

from manorhary.blogspot.com

ကြွေလွင့်သွားသောကြယ်တစ်ပွင့်
Saturday, October 24, 2009

အမှန်တကယ်ဆို ဒီလိုပို့စ်မျိုး ကျွန်မ မရေးချင်ပါဘူး။ ဒီနေ့မနက် အိုင်ဒီယာရုံးက အွန်လိုင်းတက်လာတဲ့အခါ သတင်းဆိုးတစ်ခုကိုပေးပါတယ်။ နီနီ ဆုံးပြီတဲ့။ ကျွန်မတို့ကလေးတွေက သူ့ကို ချစ်စနိုးနဲ့ နီနီ လို့ခေါ်တာကိုး ။ သူက တစ်ခါတစ်လေ ရုံးလာလည်း ရှိသမျှလူနဲ့ အဆင်ပြေစွာနေတတ်တော့ ကလေးတွေကလည်း သူ့ကိုချစ်တယ်။ အမြဲ စကားများ ရန်ဖြစ်တတ်တာကတော့ ကျွန်မနဲ့ပါပဲ။

လွန်ခဲ့တဲ့တစ်နှစ်ကျော်က သူရုံးရောက်လာတယ်။ အရက်ပြတ်နေချိန်ပါ။ သိပ်ပျော်စရာကောင်းတဲ့ အချိန်တစ်ချိန် လို့လည်း ပြောလို့ရမယ်ထင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ အသားအရေကလည်း တင်းရင်းလို့။ ကျွန်မတောင်မှ သူ့ကို ပြောလိုက်သေးတယ်။ ခုလိုမြင်ရတာ စိတ်ချမ်းသာတယ်လို့ ။ ဒါပေမယ့် လူကတော့ perspective လွဲနေတယ်လို့ ပြောလို့ သူရယ်လိုက်တာ။ လူက အရက်ပြတ်တော့ ဝလာတယ်။ လူသေးသေးလေးက ဝနေတော့ အဲလို ဖြစ်နေတာ ပေါ့လို့ ကျွန်မက ပြောတော့ သူစာပေလောကထဲ လိုက်ပြောပါတော့တယ်။ မနော်က သူ့ကို perspective လွဲနေ တယ်လို့ ပြောပါတယ်ဆိုပြီးတော့။

အမှန်တကယ်က စိုးရိမ်တာပါ။ အရက်သောက်တဲ့သူတွေ က အဲလိုဝနေလည်း စိုးရိမ်ရပါတယ်။
နောက်မကြာပါဘူး။ ပြန်သောက်တယ်ဆိုတဲ့စကားက ကြားလာရတယ်။ ရုံးရောက်လာတယ်။ မူးနေတယ်။ အရက်နံ့ကလည်းထွက်လို့။ ကျွန်မ သူ့ကို ပြောစရာ စကားများများမရှိဘူး။ ကိုရဲ ... တစ်ယောက်ကတော့ သွားပြီ နော် ..နောက်ကနေလိုက်မလို့လား .. လို့ပြောတော့ သူက ဒါကို သူ့ထုံးစံအတိုင်း စိုးရိမ်စကားလို့မသတ်မှတ်ပါဘူး။ ရယ်စရာလုပ်ပစ်ပါတယ်။ ဘာဖြစ်လဲဟာ ဟိုမှာ ရွှေဘုန်းလည်းရှိတယ် သားကြီးလည်းရှိတယ် ကိုအောင်မင်းသိမ်းလည်းရှိတယ် ငှက်လည်းရှိတယ် ကေမြိုးကြီး လည်းရှိတယ် တဲ့။ လုပ်သွားပါသေးတယ်။

ခုတော့လည်း သူတကယ့်ကို သူ့သူငယ်ချင်းတွေရှိရာကို လိုက်သွားခဲ့ပါပြီ။ သိပ်စောလွန်းတယ်လို့ တော့ ကျွန်မ မပြောလိုတော့ပါဘူး။ စောစောသွားတော့လည်း အေးငြိမ်းရာကို စောစောရောက်တယ်လို့ပဲ သူတို့အတွက် တွေးပေးလိုက်ပါတယ်။

ခုလောက်ဆို ကိုရွှေဘုန်းဇာတ်လမ်းကို သူကဇာတ်ညွှန်းရေး ကိုအောင်မင်းသိမ်းက ဒါရိုက်တာလုပ် ကိုသားကြီးကို မင်းသားလုပ်ခိုင်းနေလောက်ရောပေါ့ ..။ ဇာတ်ဝင်တေးနဲ့ ဇာတ်ကားအတွက် လိုအပ်တဲ့ ပန်းချီကားတွေကိုတော့ ကိုကေမြိုးကြီးက ဆွဲပေးနေပါလိမ့်မယ်။ အော် ကိုငှက်နဲ့ ကိုခင်ဝမ်းလည်းရှိသေးတယ်။ တစ်ချိန်က ကိုငှက်က ကိုရဲအိမ်မှာ ပျော်တတ်သူပေါ့။ ခုတော့ သူတို့တူတူပြန်ရှိနေကြပြီလို့ပဲ တွေးပေးရပါတော့မယ်။

ကြယ်တွေ တဖွဲဖွဲ ကြွေနေတယ်။
ဟိုး..သမုဒ္ဒရာရဲ့ အနက်ဆုံးဆီ။
ကြာရင် သမုဒ္ဒရာကြီးက
ကြယ်သမုဒ္ဒရာကြီးများ ဖြစ်သွားမလား...။
မကြည်ပြာ ငိုမငိုတော့မသိပါဘူး။ နိုင်နိုင်ဝင်းတော့ ငိုနေလိမ့်မယ်။ နောက် သူ့သားလေး talky man !
နောက် သူ့ကိုချစ်တဲ့ ပရိသတ်တွေ...
အရာအားလုံးဟာ သင်္ခါရ တရားတဲ့လား ...
လက်ခံနိုင်ဖို့ အားတွေလိုအပ်နေကြသေးတယ်။

Monday, May 3, 2004

from Myanmar Times

Screenwriters take centre stage
By Yin Min Tun

HIDDEN behind the glamourous costumes and camera-hungry actors, lies every movie’s foundation – the script. Scriptwriters create many of the fundamental aspects of a movie, from its setting to plot to moral message, says scriptwriter and author Chit Oo Nyo. Yet they have the least authority on the set.

A movie’s ideas and tone come from its screenplay, which are often a representation of the scriptwriter’s personality traits.

“Scripts differ depending on the writer’s individual life history,” said Nyein Minn, who has written 40 film scripts in the past 15 years.

Well known for writing drama films, Nyein Minn said he prefers to focus on dialogue.

On the other hand, Ni Ko Ye, who has written more than 100 scripts for videos and films since 1993, said that he values writing comedies.

“For me, I want everybody to have fun,” he said. “So I mostly create humorous stories based on my happy days as a student in university.”

Despite the hard work and ideas of scriptwriters, once the screenplay is written it is out of their hands. Some scriptwriters said that they have to relinquish all power and decisions. This may occur at the expense of the film.

Ni Ko Ye said that he tries to make the fans appreciate the movie’s suspense or climax by ensuring that all aspects, like the sound effects and setting, work well together. However, sometimes his work goes to waste.

“Many directors only think about finishing the movie in time, rather than polishing it to make it better. They therefore take out some scenes that they think are not very important to minimise the expense and finish as fast as possible,” he said.

Ni Ko Ye added that contrary to what the directors think, every scene is important. Taking out even a little bit can affect the movie.

Even if the screenwriter dislikes how the movie has changed, he or she must listen to the directors.

It gets worse.

“Sometimes actors refuse to follow the script,” said Ni Ko Ye. “Now the situation has absolutely changed so that actors are the most powerful ones on the set, so no one can go against them.”

He said that many actors want to win over the hearts of their audience, rather than play the part of the character the scriptwriter designed. This results in the scriptwriter having to adjust the script according to the actors’ desires.

“They are afraid of being hated by the audience, so they avoid appearing as a villain or a bad character,” Ni Ko Ye said.

In addition to the struggles with directors and actors, screenwriters must deal with other limitations in the film industry such as the availability of filming facilities, money and time. This can hinder them from fully developing their creativity on screen.

Another limitation is censorship, said Ni Ko Ye.

“After making a movie, film directors have to undergo censorship. Unfortunately, there are some things the censor board does not allow. Directors may then be unable to replace the rejected scenes because it would cost a lot and is difficult to make appointments with the actors and actresses,” he said.

Many producers and directors do not want to deal with such a problem. They therefore create a film with the censors in mind. However, this leads to a lack of new ideas and creativity.

Ni Ko Ye and Nyein Minn agreed that because producers and directors do not want to take such risks, the same old stories are being created.

They must work around the problem. Nyein Minn tries to draw the audience’s attention by creating new presentation styles.

Despite these limitations and struggles, scriptwriters continue to do their job as they need an income and find some victories along the way. However, they want to see changes.

“All members need to make sacrifices in order to improve the film industry, said Chit Oo Nyo. “Otherwise the industry will decline because of rivalry between the team members.”